Disclaimer: ဒီစာက Exam Guide တစ်ခု မဟုတ်ပါဘူး။ AWS SAA ကို ဘယ်လိုလေ့လာပြီး ဖြေဆိုခဲ့လဲဆိုတဲ့ ကျွန်တော့်ရဲ့ Personal Experience ကို မျှဝေထားတာ ဖြစ်ပါတယ်။
📌 Brief Intro about AWS Certified Solutions Architect – Associate (SAA-C03)
AWS SAA-C03 ဆိုတာ AWS services တွေကို အလွတ်ကျက်ပြီး ဖြေရတဲ့ exam မဟုတ်ပါဘူး။ မေးခွန်းထဲက situation ကိုကြည့်ပြီး ဘယ် services တွေကို ရွေးမလဲ၊ အဲ့ဒီ services တွေကို ဘယ်လိုပေါင်းစပ်ပြီး သင့်တော်တဲ့ solution တစ်ခု တည်ဆောက်မလဲဆိုတာကို စဉ်းစားရတဲ့ associate-level certification တစ်ခုပါ။
Official exam guide အရ AWS services တွေကို အသုံးပြုပြီး cloud solutions တွေ design လုပ်ဖူးတဲ့သူတွေက ဒီ exam အတွက် ပိုအဆင်ပြေပါတယ်။
-
Exam Fee: $150
-
Format: Multiple-choice / Multiple-response မေးခွန်း ၆၅ ပုဒ် (မိနစ် ၁၃၀ အတွင်း ဖြေဆိုရမည်)
-
Scoring: မေးခွန်း ၅၀ ပုဒ်ကိုပဲ အမှတ်ပေးပြီး Passing Score က 720 ပါ။
(Exam guide အကြောင်း အသေးစိတ်ကိုတော့ AWS Official Guide မှာ ဝင်ဖတ်လို့ရပါတယ်)
❓ ဒါဆို ကျွန်တော်ကရော ဘယ်လိုအောင်ခဲ့လဲ?
ကျွန်တော့်မှာ Cloud Experience မရှိသလို IT နယ်ပယ်တစ်ခုခုမှာ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံလည်း မရှိပါဘူး။ ဒါပေမဲ့ Programming နဲ့ System Administration ပိုင်းကို foundation လောက် လေ့လာဖူးတော့ အခြေခံ သဘောတရားတွေကိုတော့ အများစု နားလည်ထားပါတယ်။ အဲ့ဒါကြောင့် အခက်အခဲ အရမ်းမရှိဘဲ လေ့လာနိုင်ခဲ့တာပါ။
IT အခြေခံမရှိဘဲ အစကနေ စလေ့လာမယ့်သူတွေအတွက်တော့ အနည်းငယ် ခက်ခဲနိုင်ပေမဲ့ သေချာလေး လေ့လာမယ်ဆိုရင် အေးဆေး ကျော်ဖြတ်နိုင်ပါတယ်။
💡 Beginner Tips: အစကနေ AWS ကို သေချာစချင်သူတွေအတွက် AWS Certified Cloud Practitioner (CLF) ဆိုတဲ့ foundation exam လည်း ရှိပါတယ်။ SAA အတွက် မဖြစ်မနေ ဖြေထားဖို့တော့ မလိုပါဘူး။ Exam fee $100 ရှိပေမဲ့ AWS ရဲ့ အားသာချက်တစ်ခုဖြစ်တဲ့ “Exam တစ်ခုအောင်တာနဲ့ နောက်တစ်ခုအတွက် 50% discount ရတာ” ဆိုတော့ CLF ကနေစရင်လည်း အရမ်းကောင်းပါတယ်။ (AWS CLF အကြောင်း ပိုပြီးသိချင်ရင်တော့ ဒီမှာ သွားကြည့်လို့ရပါတယ်)
📚 Learning Resources
-
Stephane Maarek’s Course: အဓိက learning resource အနေနဲ့ Udemy က “Ultimate AWS Certified Solutions Architect Associate” နဲ့ စလေ့လာဖြစ်ပါတယ်။ Discount ရှိတဲ့အချိန်ဆို $12 လောက်နဲ့ ရတတ်ပြီး lifetime access ရပါတယ်။
-
Udemy Personal Plan: ကိုယ်က အခြား courses တွေရော များများလေ့လာနိုင်တယ်ဆိုရင်တော့ Udemy Personal Plan က ပိုတန်ပါတယ်။ Discount price နဲ့ $11/month လောက်နဲ့ Udemy မှာရှိတဲ့ course အများစုကို လေ့လာလို့ရတာမို့ တော်တော်လေး အဆင်ပြေပါတယ်။ အဲ့ဒီ plan ထဲမှာ Stephane Maarek နဲ့ Neal Davis တို့ရဲ့ practice exams တွေပါ ပါဝင်လို့ လေ့ကျင့်ဖြစ်ခဲ့ပါတယ်။
-
Tutorials Dojo: Practice exam အတွက် online မှာ အများစုညွှန်းကြသလို Tutorials Dojo ကနေ ဝယ်ပြီး လေ့ကျင့်ဖြစ်ပါတယ်။ $15 လောက်ပေးရပြီး discount နဲ့ဆို $12 လောက်နဲ့ ရတတ်ပါတယ်။ သူတို့ website ကနေဝယ်ရင် exam mode အမျိုးမျိုးပါပြီး practice questions တွေ အများကြီးပါတာမို့ တကယ်တန်ပါတယ်။
-
Mind Map: နောက်တစ်ခုကတော့ mind map ပါ။ စာမေးပွဲဖြေခါနီးရက်တွေမှာ ပြန်နွေးချင်တာမျိုးရှိရင် အဆင်ပြေပြီး ကျွန်တော်ကိုယ်တိုင်လည်း သုံးခဲ့ပါတယ်။ Reddit ကနေတွေ့လို့ အသုံးဝင်ရင် ကြည့်လို့ရအောင် Reddit Mind Map Link မှာ ထည့်ပေးထားပါတယ်။ ကိုယ်တိုင် note ထုတ်နိုင်ရင်တော့ ပိုကောင်းပါတယ် :P
🧠 Learning Style & Preparation
လေ့လာခဲ့တဲ့ပုံစံကတော့ ပုံမှန်ပါပဲ။ အလုပ်တစ်ဖက်နဲ့မို့လို့ တစ်နေ့ကို 2–3 နာရီလောက်ပဲ လေ့လာဖြစ်ပါတယ်။ စုစုပေါင်း ၁ လခွဲဝန်းကျင် လောက် ကြာခဲ့ပါတယ်။
-
Course & Notes: Stephane Maarek ရဲ့ သင်ခန်းစာတွေကြည့်တယ်၊ note မှတ်တယ်။ သူ့မှာ hands-on labs တွေပါတာမို့ အရမ်းအဆင်ပြေပါတယ်။ နားမလည်တဲ့ services တွေဆို ChatGPT ကို မေးတာတို့၊ AWS documentation သွားဖတ်တာတို့ လုပ်ပါတယ်။ တချို့ topic တွေက ပထမတစ်ခေါက်ကြည့်ရုံနဲ့ နားလည်ဖို့ ခက်ခဲတာမျိုးရှိပါတယ်။ ဥပမာ Security & Encryption ပိုင်းတွေမှာပေါ့။ အဲ့ဒီအခါမှာ topic တစ်ခုတည်းကိုပဲ အချိန်အကြာကြီး ရပ်ပြီးလေ့လာမနေဘဲ course ကို အစဉ်လိုက် ဆက်ကြည့်ဖြစ်ပါတယ်။ Course တစ်ခုလုံးပြီးသွားတဲ့အခါ နားလည်ရခက်ခဲ့တဲ့အပိုင်းတွေကို ပြန်သွားကြည့်ပြီး ထပ်လေ့လာဖြစ်ပါတယ်။ တစ်ခါတလေမှာ နောက်ပိုင်း topic တွေကို လေ့လာပြီးမှ အရင်က နားမလည်ခဲ့တဲ့ concept တွေကို ပိုပြီးသဘောပေါက်လာတာမျိုးလည်း ရှိပါတယ်။။
-
Comparison Logic: AWS မှာ services တွေ အရမ်းများတာမို့ မတူညီတဲ့ services တွေရဲ့ ခြားနားချက်ကို သေချာခွဲခြားမှတ်သားထားဖို့တော့ လိုပါတယ်။ Service နာမည်နဲ့ features တွေကို သိရုံနဲ့ မလုံလောက်ဘဲ ကိုယ်တိုင် note ထုတ်ပြီး services အချင်းချင်း နှိုင်းယှဉ်ကြည့်တာမျိုး၊ “ဘယ် solution က cost အသက်သာဆုံး ဒါမှမဟုတ် performance အကောင်းဆုံး ဖြစ်မလဲ” ဆိုတဲ့ logic တွေကို နားလည်အောင် လေ့လာတာက ပိုပြီးထိရောက်ပါတယ်။
-
Practice Exams Strategy: Practice exam မှာတော့ Tutorials Dojo ကို များများလေ့ကျင့်တာ အကောင်းဆုံးပါ။ ဖတ်ရတာလွယ်ပြီး စာမေးပွဲနဲ့လည်း အနီးစပ်ဆုံးလို့ ပြောလို့ရပါတယ်။
-
First Attempt: TD practice exam စဖြေတော့ review mode set တွေကို တစ်ခုပြီးတစ်ခု ဖြေကြည့်တာ average score 70% လောက် ရခဲ့ပါတယ်။ မှားခဲ့တဲ့ မေးခွန်းတွေ ပြန်ဖတ်ပြီး ကိုယ်လုံးဝမသိလို့ မှားတာဆိုရင် သက်ဆိုင်ရာ topic ကို ပြန်ကြည့်ပြီး ပြန်နွေးပါတယ်။ တစ်ချို့ မေးခွန်းတွေမှာ မေးခွန်းသေချာမဖတ်လို့ မှားတာမျိုး ဖြစ်လို့ နောက်တစ်ခါဖြေရင် သတိထားဖို့ မှတ်ထားပါတယ်။
-
Second Attempt: နောက်တစ်ကြိမ် ပြန်ဖြေတဲ့အခါမှာတော့ 80–90% လောက်ရပြီး မေးခွန်း structure နဲ့လည်း ပိုရင်းနှီးသွားပါတယ်။
-
Key Takeaway: Practice exam set တွေကို ဆက်တိုက်ဖြေမနေဘဲ ကိုယ်ဖြေထားတဲ့ set မှာ မှားခဲ့တာတွေကို သေချာ review လုပ်ပြီးမှ နောက်တစ်ခု ဆက်ဖြေဖို့ပါ။ မဟုတ်ရင် မေးခွန်းကို မှတ်မိနေတာလား၊ ကိုယ်တကယ်နားလည်လို့ ဖြေနိုင်တာလားဆိုတာ ရောထွေးသွားတတ်ပါတယ်။
-
🎯 Exam Experience
ပထမဦးဆုံး official exam ဖြေဖူးတာဆိုတော့ ကိုယ့်ဘာသာ practice exams တွေ ဖြေကြည့်ရင်း အဆင်သင့်ဖြစ်မဖြစ် ဆုံးဖြတ်ရတာ တော်တော်တိုင်ပတ်ခဲ့ပါတယ်။ အထက်မှာပြောခဲ့တဲ့ practice exams တွေမှာ 90% ဝန်းကျင် လောက်ရရင် ဖြေလို့ရပြီလို့ သတ်မှတ်ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မေးခွန်း difficulty မတူနိုင်တာမို့ ကိုယ့်ဘက်က လိုအပ်တာ ပြင်ဆင်ထားရင် အကောင်းဆုံးပါ။
-
Test Center: အစက online ကနေ ဖြေဖို့ စိတ်ကူးခဲ့ပေမဲ့ စည်းကမ်းချက်တွေများတာမို့ risk များပါတယ်။ အဲ့ဒါကြောင့် exam schedule လုပ်တဲ့အချိန်မှာ မန္တလေးက KMD Test Center ကိုပဲ ရွေးဖြစ်ခဲ့ပါတယ်။
-
ESL Accommodations: Exam schedule လုပ်တဲ့အချိန်မှာ non-native English speakers တွေအတွက် ESL +30 MINUTES ကို request လုပ်လို့ရပါတယ်။ မူလ exam duration က 130 + 30 ဆိုတော့ စုစုပေါင်း မိနစ် 160 ရတာပေါ့။
-
Time Management & Strategy: Practice exam များများလေ့ကျင့်ထားတာမို့ မေးခွန်းပုံစံတွေနဲ့ ရင်းနှီးပြီး မေးခွန်းဖတ်ရတာက သိပ်အခက်အခဲ မရှိခဲ့ပါဘူး။ ကိုယ့်အတွက် tricky ဖြစ်မယ့် မေးခွန်းမျိုးဆိုရင် ပြီးမှ review လုပ်ဖို့ flag ထားခဲ့ပါတယ်။ ကျွန်တော့်တုန်းကတော့ မိနစ် 90 လောက်နဲ့တင် ဖြေတာရော၊ ပြန်စစ်တာရော အကုန်ပြီးသွားပါတယ်။
-
Exam Difficulty & Score: ကျွန်တော်ဖြေခဲ့တဲ့ မေးခွန်းအများစုမှာတော့ အဓိကလိုချင်တဲ့အချက်ကို သိရင် option နှစ်ခုလောက်က လုံးဝမဆိုင်တာမျိုး ထည့်ထားပြီး ကျန်နှစ်ခုထဲက ရွေးရတာမျိုးဖြစ်လို့ လွယ်တယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော့်အတွက် လုံးဝ tricky ဖြစ်စေမယ့် မေးခွန်းကတော့ ၄ ခုလောက်ပဲ တွေ့ခဲ့ပြီး သိပ်မခက်ခဲဘူးထင်ခဲ့တာတောင် 832 မှတ် ပဲ ရခဲ့ပါတယ်။
💬 နိဂုံး
ဒါတွေက ကျွန်တော့်ရဲ့ personal experience ကို မျှဝေတာဖြစ်လို့ ဒီအတိုင်းချည်း ကွက်တိလေ့လာရမယ်လို့ မဆိုလိုပါဘူး။ Course တွေမှာလည်း အခြား instructor တွေရဲ့ course ကောင်းတွေ အများကြီး ရှိပါသေးတယ်။
Stephane Maarek ရဲ့ course က စာမေးပွဲကို အဓိက focus ထားတယ်၊ concepts တွေကို အခြေခံကနေ သေချာမရှင်းပြဘဲ လက်တွေ့ပိုင်း သိပ်မပါဘူးလို့ ခံစားရပြီး မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဘယ်ဟာကောင်းတယ်ဆိုတာထက် ကိုယ်နဲ့အဆင်ပြေမယ့် course ကို ရွေးချယ်တာက ပိုအရေးကြီးပါတယ်။
Certified ဖြစ်သွားရုံနဲ့ ခရီးဆုံးသွားတာတော့ မဟုတ်ပါဘူး။ ထပ်ပြီးလေ့လာရမယ့်အရာတွေ၊ လက်တွေ့လုပ်ရမယ့်အရာတွေ အများကြီးကျန်ပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာနေဆဲဖြစ်ပြီး ကိုယ့်လို beginner တွေအတွက် အတွေ့အကြုံမျှဝေတာဖြစ်လို့ အမှားအယွင်းပါခဲ့ရင် တောင်းပန်ချင်ပါတယ်။ လိုအပ်တာရှိရင်လည်း ဝင်ရောက်ဆွေးနွေး ထောက်ပြနိုင်ပါတယ်ဗျ။ စာကတော့ နည်းနည်းရှည်သွားတာမလို့ ဖတ်ရှုပေးတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။
နောက်ဆုံး အကြံပြုချင်တာကတော့ “မေးခွန်းကို သေချာဖတ်ဖို့” ပါပဲ။ မေးခွန်းက Security ကို လိုချင်တာလား၊ Performance ကို လိုချင်တာလား၊ Cost ကို ဦးစားပေးတာလားဆိုတာ သေချာနားလည်ရင် အဖြေရွေးရတာ တော်တော်လေး လွယ်သွားပါလိမ့်မယ်။
ဒီစာကနေ တစ်ခုခုအသုံးဝင်သွားမယ်ဆိုရင် ကျွန်တော်ရေးရကျိုးနပ်ပါပြီ။ အားလုံးပဲ Certified များ ဖြစ်ကြပါစေဗျာ။ 🙏
